ဒေးဒရဲမြို့၌ သက်တမ်းလွန်ဆေးဝါးနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ နိုဝင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးနှင့် တရားမဝင်ဆေးဝါးအတုများ ရောင်းချမှုမရှိရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးရှိ ဆေးဝါး အရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင်များအား ဆေးဝါးရောင်းချခွင့် လိုင်စင် ရှိ၊ မရှိ စစ်ဆေးခြင်း၊ စံမညီ ဆေးဝါးများ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ တရားမဝင် ဆေးဝါးအတုများနှင့် စပ်ဆေးများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုက်နာရမည့် အချက်များကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အေဇာလင်း