ဒေးဒရဲ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ် တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက် မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာ ရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သွားရောက်ငှားရမ်းပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ပြည်သူများနှင့် ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ သုတစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း စာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြစာအုပ်များ စုံလင်စွာ သယ်ဆောင်၍ မိုဘိုင်းစနစ်ဖြင့်စာအုပ်များ ငှားရမ်းခဲ့ရာ စာကြည့်တိုက် အသင်းဝင် (၆)ဦးအား သုတ (၇)အုပ်၊ ရသ (၅)အုပ်တို့ကို ငှားရမ်းပေးနိုင်ခဲ့ပြီး တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အစားထိုး ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ရုံး ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် လွယ်လင့်တကူစာပေ ဖတ်ရှုနိုင်စေရန် ဌာနဆိုင်ရာရုံးများသို့ အပတ်စဥ် သွားရောက်၍ သုတ၊ ရသစာအုပ်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း