ပွင့်ဖြူ နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာမှူး ဒေါ်မာလာကျော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာမှူး ဒေါ်မာလာကျော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် Box Culvertတည်ဆောက်ခြင်းလုပ်ငန်းများ၊ လမ်းဘေး(ဝဲ၊ယာ) ကတ္တရာလမ်းပခုံးချဲ့ခင်းခြင်းလုပ်ငန်းများနှင့် စင်္ကြံပလက်ဖောင်းအသစ်တည်ဆောက်ခြင်းလုပ်ငန်းများ၊ ပွင့်မာလာပန်းဥယျာဉ်ခြံ၌ ပြည်သူများ စိတ်အေးချမ်းစွာ အပန်းဖြေနိုင်ရန်အတွက် ပြုပြင်ဆောင်ရွက်ထားရှိသော ကျန်းမာရေးအားကစားပစ္စည်း တပ်ဆင်ထားရှိမှုအခြေအနေများနှင့် ပန်းခြံမျက်နှာစာ သာယာစိမ်းလန်းစိုပြည်စေရန် ပန်းအလှခုံများ တည်ဆောက်ထားရှိအခြေအနေများကို သတ်မှတ်လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ပြီးစီးသည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့ကောင်းမွန်အောင် ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရန်ကျန်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြို့ပြနှင့် ကျေးလက်ဒေသတစ်ခွင် သန့်ရှင်းသာယာလှပရေးအတွက် ဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း ၂၃၈ ဒသမ ၈၀ သန်းဖြင့် လမ်းလုပ်ငန်း ၂၂ ခု ၊ တံတားလုပ်ငန်း ၅ ခု ၊ ရေမြောင်းလုပ်ငန်း ၂ ခု ၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်း ၂ ခု ၊ စက်ကိရိယာ ပစ္စည်းလုပ်ငန်း ၄ ခု ၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခုကို အကောင်အထည်ဖော် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်းသိရကာ ယခုအခါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံးမှာ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )