ဖြူး နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရေး၊ လူအများရှေ့တွင် ပြောရဲဆိုရဲ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရေးနှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ ဖလှယ်နိုင်စေရေးအတွက်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သက်မာက အဖွင့်အမှာစကားပြောကြားပြီး ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက ကျောင်းသား၊ ကျောင်းသူများအား လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းပြုလုပ်ရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက Moderator အဖြစ် ဆောင်ရွက်ပေးပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ Grade-9၊ Grade-10၊ Grade-11၊ Grade-12 တန်းများမှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်ပန်းတိုင်ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးကြသည်။ ထိုနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြောင်းနှင့် ဦးဆောင်ဆွေးနွေးသူ (၆)ဦးအား မြို့နယ်ဦးစီးအရာရှိကဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး စကားဝိုင်းသို့ ကျောင်းသား၊ ကျောင်းသူ(၃၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)