ကျုံပျော် အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိန်းကလေးငယ် (၂၂၄၆) ဦးကို (HPV) ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့က စတင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လအထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ကျော်တွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များ၌ ထည့်သွင်းထိုးနှံလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ မြို့ပေါင်း (၃၃၀) တွင် စတင်ထိုးနှံရန် စီစဉ်ထားသော်လည်း ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာမှုကြောင့် ယခု အောက်တိုဘာလတွင် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် အစီအစဉ်တွင် (HPV) ကာကွယ်ဆေးကို ထည့်သွင်း ထိုးနှံခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ထိုးနှံနိုင်ရန် ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်လများမှ စတင်၍ စာရင်းကောက်ယူခြင်းနှင့် သင်တန်းပေးခြင်း၊ အသေးစိတ်စီမံချက်ရေးဆွဲခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခု အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း မိန်းကလေးများကို ထိုးနှံပေးခြင်းသည် နိုင်ငံတကာ စစ်တမ်းများအရ ရောဂါကာကွယ်နှုန်း အထူးကောင်းမွန်သောကြောင့် ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ တင်ဇော်ဝင်း ထံမှ သိရသည်။
ကျုံပျော်မြို့နယ်တွင် အဆိုပါ HPV ကာကွယ် ဆေးကို (၁.၉.၂၀၁၀) မှ (၃၁.၈.၂၀၁၁) အတွင်း မွေးဖွားသည့် အသက် (၉)နှစ်မှ (၁၀) နှစ်အထိ မိန်းကလေးပေါင်း (၂၂၄၆) ဦးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး မိန်းကလေး တစ်ဦးအတွက် HPV ကာကွယ်ဆေး တစ်ကြိမ်စာ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၄ . ၅) ဒေါ်လာကုန်ကျကြောင်း၊ ပထမအကြိမ်ထိုးနှံအပြီး (၁၂) လခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်သဖြင့် ကာကွယ်ဆေး အပြည့်အဝ ရရှိရန် (၂) ကြိမ် ထိုးနှံဖို့လိုအပ်ကြောင်း၊ မြို့နယ်အတွင်း ဆေးထိုးစုရပ်ပေါင်း (၁၅၅) ခုတွင် ဆေးထိုးအဖွဲ့ ပေါင်း (၅၄) ဖွဲ့ဖြင့် အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)