မင်းဘူး နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စကုမြို့တောင်ရပ် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက စကုမြို့တောင်ရပ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ကျောင်းသားများနှင့် ပညာရေးကဏ္ဍ၊ စာဖတ်ခြင်းအကြောင်း၊ စာဖတ်ခြင်းမှရရှိလာသည့် အကျိုးကျေးဇူးများကို အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းက မီးဘေးအန္တရာယ်အကြောင်းနှင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ကလေးများ မီးဖြင့်ကစားခြင်း မပြုကြရန်နှင့် မီးကိုအထူးဂရုစိုက်ကြရန် ပြောကြားကာ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က ကုန်အညွှန်းအမှတ်အသား၊ စားသုံးသူကာကွယ်ရေး အချက် (၈) ချက်ကို ရှင်းလင်းကာ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များအား ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။
ဇေယျာထက်(မင်းဘူး)