ကာလိ နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က မျိုးဆက်သစ် လူငယ်လူရွယ်များ အတွေးအခေါ်အယူအဆ မှန်ကန်စေရန်၊ စာဖတ်သည့် အလေ့ အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာကြည့်တိုက်ကို အသုံးချတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် အခြေခံပညာအလယ်တန်းပြ ဆရာမ ဒေါ်ဖြူဖြူကျော်က “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Grade-9 မှ မအီဟိန်းက “ ရွှေရောင်လေးတွေ လင်းလက်ခွင့်ပေးပါ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်ဝေလင်းထွဋ်က “ ဘဝဆိုတာ အရှုံးပေးဖို့ မဟုတ်ပါဘူး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မဟန်နီထက်က “ဥယျာဉ်မှူးနှင့် ပန်းပင်လယ်” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မောင်လှိုင်ဝင်းဇော်က “ကိုယ်ကအရင် စကောင်းလိုက်ပါ” ခေါင်းစဉ်ဖြင့် လည်ကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ခဲ့ကြကြောင်း သိရ သည်။
ထင်ထင်(ကာလိ/ပြန်၊ဆက်)