မြဝတီ အောက်တိုဘာ ၂၂
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄) ရပ်ကွက်နေထိုင်ကြသည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် အဆင်ပြေစေရန် မြဝတီမြို့ ဘုရင့်နောင်ဈေးကြီးအနီး မွန်ကုန်စုံဆိုင် မိသားစုက ယမန်နေ့ မွန်းလွဲပိုင်းက လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ လှူဒါန်းမှုအား မွန်ကုန်စုံဆိုင်ပိုင်ရှင် ဦးမင်းအုံးဖေက မြဝတီမြို့အမှတ်(၄) ရပ်ကွက်ရှိ အိမ်ထောင်စု ၄၅၀ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည်၊ ဆီတစ်လီတာ ၁ ဗူး၊ ကြက်သွန်နီ ၁ ပိဿာ၊ ငါးသေတ္တာ ၅ ဗူး၊ ပဲဝါခြမ်း ၅၀ ကျပ်သားနှင့် မားမား ၃ ထုပ်နှုန်းဖြင့် သွားရောက်လှူဒါန်းခဲ့သည်။
ထို့သို့လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီမှုရှိအောင် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်လှိုင် နှင့် ရာအိမ်မှူး ဦးမင်းသူရတို့က စနစ်တကျစီစဉ်ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်