လွိုင်ကော် နိုဝင်ဘာ ၈
ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍ၌ တာဝန်ထမ်းဆောင်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အဓိကကျပါကြောင်း ၊ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ဌာနဖြစ်သည့်အပြင် တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရသည့် ဌာနဖြစ်သောကြောင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် စံနမူနာပြဝန်ထမ်းကောင်းများဖြစ်အောင်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် အထက်အဆင့်ဆင့် ကွပ်ကဲကြီးကြပ်ဆောင်ရွက်နေခြင်းဖြစ်၍ ခေါင်းဆောင်ကောင်းစိတ်ဓာတ်နှင့် မိဘသဖွယ်စိတ်ဓာတ်ကိုအခြေခံ၍ အထက်အောက်အပြန်အလှန် လေးစားတန်ဖိုးထားပြီး ကောင်းမွန်သည့်စီမံအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ဝန်ထမ်းကောင်း ဆုတံဆိပ်ရရှိသော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများအားလည်းကောင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများအတွက် ထောက်ပံ့ငွေများအားလည်းကောင်းပေးအပ်ခဲ့ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ဌာနနှစ်ပတ်လည်နေ့အတွက် ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဝန်ထမ်းများအား နှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့သည်။
၎င်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပေါ်လာပုံ သမိုင်းကြောင်း Video Clip ပြသခဲ့ပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ရှမ်းတိုင်းရင်းသားရိုးရာအကနှင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်သီချင်းဖြင့် ပြန်လည်ဂုဏ်ပြုကပြဖျော်ဖြေသီဆိုခဲ့ကြကာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကပြဖျော်ဖြေသီဆိုခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားခဲ့သည်။
(၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ ဗလာမပါကံစမ်းမဲများ ဖောက်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ကိုဇင်(လွိုင်ကော်)