နတ်မောက် နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ပူးပေါင်း၍ ဘုန်းတော်ပြည့်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးလင်းထွဋ်နှင့် တာဝန်ရှိသူများသည့် ကျေးရွာကွန်ကရစ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားရန်၊ လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေး ကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးပါက ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ် ၁၅ သန်းနှင့် ပြည်သူ လူထုထည့်ဝင်ငွေ ကျပ် ၆ ဒသမ ၆ သန်း စုစုပေါင်း ကျပ် ၂၁ ဒသမ ၆ သန်း အသုံးပြုကာ အိုးဘိုကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း အရှည် ၇၅၀ပေ၊ အကျယ်၁၂ပေ၊ အမြင့် ၆ လက်မ ခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာပြည်သူလူထုမှ ကိုယ်တိုင်အကောင်အထည်ဖော်၍ အောက်တိုဘာပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်ထံမှ သိရသည်။
အဆိုပါကျေးရွာရှိ အိမ်ခြေ (၂၀၉) အိမ် ၊ အိမ်ထောင်စု (၂၀၉)စု မှ လူဦးရေ (၉၁၈)ဦးတို့ ရာသီမရွေးသွားလာရ လွယ်ကူလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ လူမှုရေးနှင့် အခြား အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများတွင် အကျိုးပြုသွားမည်ဖြစ်ကြောင်း၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးလင်းထွဋ်မှ ဆက်လက်ပြောပြ၍ သိရသည်။
မူမူစန်း