မြို့သစ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်၊ စာအုပ်ပြပွဲကျင်းပ

မြို့သစ် နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့သစ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ တိုးတက်လာသော ခေတ်စနစ်နှင့်အညီ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် လေ့လာသိရှိထားသင့်သည့် အကြောင်းအရာများကို လေ့လာမှတ်သားကြရန်စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့သည်။

ထို့နောက် ကျောင်းသား/ ကျောင်းသူများက ၎င်းတို့ဖတ်ရှုလိုသည့် စာအုပ်များကို စာကြည့်တိုက်မှူးထံမှ စာငှားမှတ်တမ်းပြုစုကာ ငှားရမ်းခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)