ငဖဲမြို့နယ် ကုန်းသာကျေးရွာ (အ.မ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ငဖဲ နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို ယနေ့နံနက် ၁၀ နာရီက ကုန်းသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ကုန်းသာကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က ကလေးများအတွက် ဗလငါးတန်ဆိုင်ရာသိကောင်းစရာများ၊ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားဖို့အတွက် ကျောင်းစာသာမက သုတ၊ရသ စာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း၊ သို့မှသာ စာပေကရရှိသည့် အသိတရားဖြင့် မိမိဘဝတိုးတက်မြင့်မားအောင် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၄ ဒေါ်နှင်းနွယ်အောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ကျောင်းသားကျောင်းသူများအား အသိပညာပေး ပြောကြားသည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ တေဇရုပ်ပြစာအုပ်များဖြင့် ကလေးစာဖတ်ဝိုင်းဆောင်ရွက်ပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)