ဘားအံ နိုင်ဝင်ဘာ ၈
နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီခွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ကရင်အမျိုးသား အစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) KNU/ KNLA (PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ(ငြိမ်း) ဦးစောအောင်ပွင့်၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF)တို့မှ တာဝန်ရှိသူများ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ သဘာပတိအဖွဲ့ဝင်များနေရာယူအပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့ကို အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကဖတ်ကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးနောက် သဘာပတိအဖွဲ့ဝင်များ ပြန်လည်ထွက်ခွာကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့်ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အမှတ်(၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း၊ နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ၊ ကရင်ပြည်နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ (ငြိမ်း) ဦးစောအောင်ပွင့်၊ မြို့မိမြို့ဖ ဒေါ်နန်းမြင့်တင်တို့က (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးနှင့်ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်က ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသား လက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများနှင့် တက်ရောက်လာသူများက (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာ စည်ပင်ဝပြောပါစေကြောင်း (၃)ကြိမ် ရွတ်ဆိုကြွေးကြော်(ဆုတောင်း)၍ ငြိမ်းချမ်းရေးချိုးဖြူငှက် (၆၈)ကောင်ကို လွှတ်ပေးကြပြီးနောက် ဘင်ခရာ၊ ပန်းပွားနှင့် ဒုံအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ အခမ်းအနားသို့တက်ရောက်လာသော တိုင်းရင်းသား ပြည်သူများက ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန် အရောင်းပြခန်းများ၊ စက်မှုလက်မှု (MSMEs) ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ (၆၈)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၌ကျင်းပပြီး ဆုများကိုပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတို့က ငှက်ပျော၊ သင်္ဘော၊ မာလကာ၊ ကျောက်ဖရုံ၊ နာနတ်၊ ဘူးသီး၊ ကွမ်းသီးသီးနှံများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများရရှိခဲ့ကြသည့် တောင်သူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲများယှဉ်ပြိုင်နေမှုအား တက်ရောက်ချီးမြှင့်အားပေးခဲ့ကြသည်။ ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့၊ ရေပြင် အသက်ကယ်အဖွဲ့များနှင့် ပြိုင်ပွဲတွင်အနိုင်ရရှိခဲ့ကြသော အသင်းများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ရာ အမျိုးသား/သမီး (၃)တက်လှော်၊ အမျိုးသား/သမီး(၅)တက်လှော်၊ အမျိုးသား/သမီး (၇)တက်လှော်၊ နဂါးလှေအထူးသရုပ်ပြခြင်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး စုပေါင်းတံခွန်စိုက် ဒိုင်းဆုရရှိခဲ့သော မြဝတီလှေလှော် အသင်းအားလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားခဲ့သည်။ ထို့နောက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ သီရိကွင်း၌ ဒုတိယနေ့အဖြစ် ယှဥ်ပြိုင်လျက်ရှိသည့် ကရင်ရိုးရာဒုံးအကပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ပြီ ပြိုင်ပွဲဝင် ဒုံးအဖွဲ့(၁၀)ဖွဲ့အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၅)သိန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၅)သိန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၅)သိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပအိုဝ်းတိုင်းရင်းသား ဖျော်ဖြေရေး အကအဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၂)သိန်းတို့ကို အသီးသီးဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ ဒုတိယနေ့ ဒုံးအကပြိုင်ပွဲတွင် အိန္ဒုတိုက်နယ်ဒုံးအဖွဲ့၊ ဝက်ကြီးတိုက်နယ် မုက္ကဒိစုပေါင်းဒုံးအဖွဲ့၊ ကော့ပရံဘုန်းတော်ကြီးသင် ပညာရေးကျောင်းဒုံးအဖွဲ့၊ ကော့ကရိတ်မြို့နယ် စုပေါင်းဒုံးအဖွဲ့၊ ပိုင်ကျုံမြို့ ကိုယ်စားပြု စုပေါင်းဒုံးအဖွဲ့၊ ကော့ပေါ မျိုးဆက်သစ်အားမာန်ဒုံးအဖွဲ့၊ ဘားအံမြို့တော်စုပေါင်းဒုံးအဖွဲ့၊ လှိုင်းဘွဲမြို့နယ် ကိုယ်စားပြု စုပေါင်းဒုံးအဖွဲ့၊ BGF တပ်နယ် အမှတ်(၂)ကိုယ်စားပြု ဒိုင်းပြကျေးရွာ စုပေါင်းဒုံးအဖွဲ့နှင့် ရွှေကုက္ကိုလ်ကိုယ်စားပြု စုပေါင်းဒုံးအဖွဲ့များက အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာ ၇ ရက်နေ့တွင်လည်း ဒုံးကအများ ဆက်လက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)