ကန်ကြီးထောင့်မြို့၌ ဈေးဆိုင်များ သတ်မှတ်ချိန်အတွင်း ပိတ်သိမ်းမှု ရှိ/မရှိ စစ်ဆေး

ကန်ကြီးထောင့် အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ရှိ မြို့မဈေးနှင့် မြို့တွင်းဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချိန်အတွင်း ပိတ်သိမ်းခြင်း ရှိ/မရှိ ကို တာဝန်ရှိသူများမှ ယမန်နေ့မွန်းလွဲ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံ ဦးဆောင်သော တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့မဈေးအတွင်း ဖွင့်လှစ်ရောင်းချနေသည့် အခြေခံ စားသောက်ကုန်ပစ္စည်းနှင့် ဆေးဝါးအရောင်းဆိုင်များ၊ မြို့ပေါ် ရပ်ကွက်များအတွင်း ဖွင့်လှစ် ရောင်းချနေသော လမ်းဘေးဈေးဆိုင်များနှင့် အိမ်ဆိုင်များ သတ်မှတ်ထားသော အချိန်တွင်း ပိတ်သိမ်းခြင်း ရှိ/မရှိ တို့ကို လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ကြီးကြပ်မှု အောက်ရှိ ဈေးများ ၊ လမ်းဘေးဈေးဆိုင်များ ၊ အိမ်ဆိုင်များကို နေ့စဉ် နံနက် ၆ နာရီမှ မွန်းလွဲ ၂ နာရီ အထိသာ ရောင်းချခွင့် ပြုထားမှုအပေါ်  လိုက်နာ‌ ဆောင်ရွက်မှုရှိစေရေးအတွက် ပူးပေါင်းအဖွဲ့မှ စဉ်ဆက် မပြတ် ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)