မြိတ် နိုဝင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းကို အ.ထ.က (၆) မြိတ်တွင် ယနေ့နေ့လယ် ၁ နာရီကကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းကို လူငယ်များ အသိပညာ/အတတ်ပညာ ဗဟုသုတတိုးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာများ ဖလှယ်တတ်စေရန်၊ စင်မြင့်ပေါ်တွင်ပြောရဲဆိုရဲသည့်သတ္တိရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်များ တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်သည်။
စကားဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အဖွင့်အမှာစကားပြောကြား၍ မြိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်မင်းစိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဉ်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ပိုးအိလှိုင်က Moderator အဖြစ်ဆောင်ရွက်၍ အထက်တန်းကျောင်းသား/သူ(၄)ဦးက ဦးဆောင်ဆွေးနွေးခဲ့ကြကာ တက်ရောက်လာကြသည့် ကျောင်းသား/သူများကပါဝင်၍ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်သူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြိတ်ခရိုင်(ပြန်/ဆက်)