မိုးညို နိုဝင်ဘာ ၇
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင်ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏(၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသိဒ္ဓိက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဖြစ်ပေါ်လာပုံသမိုင်းကြောင်းအားရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းသန်းစိုးအား အမှတ်တရလက်ဆောင်ပေးအပ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းဟောင်း(၂၂)ဦးအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသိဒ္ဓိနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်းများအား (၁)နှစ်တာကာလအတွင်း လုပ်ငန်းစွမ်းဆောင်ရည်ဆုများပေးအပ်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ ဝန်ထမ်းဟောင်းများကိုယ်စား ဝန်ထမ်းဟောင်းတစ်ဦးကကျေးဇူးတင်စကားပြောကြားခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများမဲဖောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)