မင်းဘူး နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် သိမ်ကုန်းစိုက်ပျိုးရေး စင်တာတွင် ယမန်နေ့နံနက် ၁၀ နာရီက အယ်နီညို အကျိုးသက်ရောက်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍများအပေါ် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများ ဖြေရှင်းနိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းမှူး ဦးဌေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှမိုးက အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ Tropical Pacific Ocean ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့်လေထုဖြစ်စဉ်များမှ အားအသင့်အတင့်ရှိသော အယ်နီညိုအခြေအနေများ၊ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်ခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အားကောင်းသော အယ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည် ဟု ခန့်မှန်းကြပါသည်။
အဆိုပါ အယ်နီညိုဖြစ်စဉ်များကြောင့် အကျိုးသက်ရောက်မှုများမှာ မိုးရွာသွန်းမှုမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုမူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသော အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် အယ်နီညိုနှင့်ပတ်သက်သည့် အခြေအနေများသိရှိပြီး မိမိတို့၏ သက်ဆိုင်ရာစိုက်ပျိုးရေးကဏ္ဍများ ကြိုတင်ပြင်ဆင်နိုင်ရန် အသိပညာပေး ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဇေယျာထက်(မင်းဘူး)