ရေနံချောင်းမြို့နယ် ဘုရာကုန်းကျေးရွာတွင် အနော်ရထာမင်းကြီး တည်ထားခဲ့သည့် ပင်းစက္ကလံပစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား

ရေနံချောင်း နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပင်းဝကျေးရွာအုပ်စုအတွင်းရှိ ဘုရားကုန်းကျေးရွာတွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ပင်းစက္ကလံပစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့(သီတင်းကျွတ်လပြည့်ကျော် ရက်)နေ့က ကျင်းပရာ ရေနံချောင်းမြို့နယ်အပြင် အနီးအနားမြို့နယ်များက ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

ပင်းစက္ကလံပဘုရားပွဲ ဒေသအခေါ် ပင်းဘုရားပွဲတော်ကို နှစ်စဉ်ဇာတ်သဘင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဆယ့်နှစ်ပွဲဈေးသည်များဖြင့် စည်ကားသိုက်စွာ ကျင်းပခဲ့သော်လည်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကျရောက်ခဲ့သည့် နောက်ပိုင်းကာလများတွင် ဇာတ်သဘင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပခြင်းမပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်ဘုရားပွဲကတော့ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပခြင်းမရှိသော်လည်း ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း ဘုရားပွဲကို အစဉ်အလာမပျက်ကျင်းပခဲ့ပါတယ်။ ဘုရားပွဲတော်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်ကျော် ရက်နေ့ကတော့ ရေနံချောင်းမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအပြင် အနီးအနားမြို့နယ်များမှ ဘုရားဖူးလာပြည်သူများဖြင့် အစည်ကားဆုံးနေ့တစ်နေ့ဖြစ်ပါတယ်”ဟု ပင်းစက္ကလံပစေတီတော် ဘုရာဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘုရားပွဲတော်တွင် ဒေသထွက်အစားအစာများဖြစ်သည့် ကရေကရာ၊ တောင်ဘလူမုန့်ဟင်းခါးတို့ကို စားသုံးသူများပြားပြီး လူသုံးကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များ၊ တောင်သူသုံး ကြေး၊ သံ၊ ဒန်များဖြင့် ပြုလုပ်ထားသည့် လယ်ယာသုံးပစ္စည်းအရောင်းဆိုင်များ၊ ဝါးနှီးဖြင့်ပြုလုပ်သော စကော၊ စကာ၊ တောင်းအမျိုးမျိုး အရောင်းဆိုင်များ စုစုပေါင်းအရောင်းဆိုင် ၆၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါ ပင်းဘုရားပွဲတော်သို့၊ မော်တော်ကား၊ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ မီနီအိုးဝေများဖြင့် လာရောက်ကြသည့်အပြင် ဧရာဝတီမြစ်ရိုးတစ်လျှောက် ကမ်းနားလမ်းအတိုင်း ပေါင်းမိုးကိုင်းတပ်နွားလှည်းများ၊ အဖော်အပေါင်းတစ်သိုက်ဖြင့် ပျော်ပျော်ပါးပါးခြေလျင်ခရီး လာရောက်ကြကာ ပင်းစက္ကလံပဘုရားစေတီ တော်ကြီးအား လာရောက်ဖူးမျှော်ကြည်ညိုကြသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)