ကျောင်းကုန်း နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်၊ ဥပဒေ၊ တာဝန်ဝတ္တရားများကို သိရှိ လိုက်နာစေချင်ကြောင်း ပြောကြားခဲ့ပြီး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။
ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သက်ပြည့်ပင်စင်ယူသွားသော အငြိမ်းစားဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ (၇)နှစ်ဆက်တိုက် ရုံးပျက်ကွက်မှုမရှိ တာဝန်ထမ်းဆောင်သော အငယ်တန်းစာရေး ဒေါ်နှင်းဝတ်ရည်အား ဂုဏ်ပြုလက်ဆောင်ပေး အပ်ခဲ့သည်။
ထို့နောက် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ(ကျား)နှင့် ထုပ်ဆီးတိုးပြိုင်ပွဲ(မ) အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ခဲ့ပြီး၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်သူများ အားလုံးကို ဗလာမပါ ကံစမ်းမဲ ဖောက်ပေးကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)