သရက်ချောင်း နိုဝင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားခဲ့သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်က သင်တန်းသူများအနေဖြင့် အဆိုပါသင်တန်းမှရရှိသောပညာများဖြင့် မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်စေလိုကြောင်း၊ မိမိတို့ဌာနမှသင်ကြားသော ပညာများကိုအခြေခံ၍ လူသုံးကုန်ထုတ်လုပ်ရာတွင် အရည်အသွေး ကောင်းမွန်စွာထုတ်လုပ်ပြီး ဒေသအတွင်း၌ဖြန့်ဖြူးရောင်းချနိုင်ကြောင်း၊ မိမိဌာနမှလည်း လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း စသည်ဖြင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်မျိုးလဲ့လဲ့ဝင်းက သင်တန်းဖွင့်လှစ်ပေးသော တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်ကြားပေးသော ဆရာမများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား ကျေးဇူးတင်စကားပြောကြားပြီးနောက် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် သင်တန်းမှ လက်တွေ့ပြုလုပ်ထားသော လူသုံးကုန်ပစ္စည်းများကို သင်တန်းသူများထံပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)