လပွတ္တာ၌ မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အဦများ ကြည့်ရှုစစ်ဆေးရေး လုပ်ငန်းညှိနှိုင်း စည်းဝေး

လပွတ္တာ အောက်တိုဘာ ၂၂

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အဦများ ကြည့်ရှုစစ်ဆေးရေး လုပ်ငန်းတာ၀န်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လပွတ္တာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌   ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအေးကြိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်ကော်မရှင် အဖွဲ့၀င်များမှ ရပ်/ကျေးရှိ မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အဦများ အခြေအနေ၊ မဲပေးသူများ သွားလာရေး အဆင်ပြေမပြေနှင့် မြို့နယ်နှင့်သွားလာ ဆက်သွယ်ရေး အခြေအနေများကို ကွင်းဆင်းစစ်ဆေးရန် တာ၀န်ခွဲဝေချထားပြီး မြို့နယ်ကော်မရှင် အဖွဲ့၀င် တစ်ဦးချင်းအလိုက် မိမိတို့ကွင်းဆင်း စစ်ဆေးတာ၀န်ယူမည့် ကျေးရွာများကို ဆွေးနွေးတင် ပြကြခြင်း၊ ကွင်းဆင်း စစ်ဆေးပြီးနောက် တွေ့ရှိချက်များကို သုံးသပ်အကြံပြုချက် နှင့်အတူ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌထံ ပြန်လည်တင်ပြရန် မှာကြားခဲ့ကြောင်း သိရသည်။

၀င်းကျော်မြင့်(လပွတ္တာ)