ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် မြို့နယ်ပြည်သူ့ဆေးရုံ၌ အာဟာရထမင်းနှင့်ဟင်းကျွေးမွေး

ဇီးကုန်း     နိုဝင်ဘာ ၇

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာ/ လူနာစောင့်များအား အာဟာရဒါန ထမင်းနှင့်ဟင်းကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးသက်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်နှင့်ဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူနေသော လူနာများ/လူနာစောင့်(၂၉)ဦးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် အာဟာရဒါနထမင်းနှင့်ဟင်းများကို သွားရောက်ကျွေးမွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာအောင်ကိုကိုနှင့် အထောက်အကူပြုကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ဆေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူနေသော လူနာများ/လူနာစောင့်များအား အာဟာရ/ထမင်းနှင့်ဟင်း ကျွေးမွေးခြင်းအစီအစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း ကျွေးမွေးလျက်ရှိကြောင်းနှင့် အလှူရှင်များအနေဖြင့် တစ်ဦးခြင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း မိမိအစီအစဉ်ဖြင့် လာရောက်ကျွေးမွေးလှူဒါန်းနိုင်ကြောင်း ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)