ကန့်ဘလူ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေများဖြင့် ဆောက်လုပ်လျက်ရှိသော သုံးထပ်ကျောင်းဆောင်သစ် အဆောက်အဦမှာ ယခုအခါ ၃၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်ကို ဩဂုတ်လဆန်းပိုင်းက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအဆောက်အဦမှာ အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၃၆ ပေ RC သုံးထပ်ကျောင်းဆောင်ဖြစ်ကာ ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေကျပ် ၆၅၂ ဒသမ ၇၀၇ သန်းဖြင့် တင်ဒါအောင်မြင်သော နိုင်မြန်မာထွန်း ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်သည်။
သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကို မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ အရည်အသွေး ပြည့်မီရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)