ငဖဲမြို့မရပ်ကွက်တွင် ဇီဝဆိုင်ရာအချက်အလက်များ ဆက်လက်ကောက်ယူဆောင်ရွက်

ငဖဲ နိုဝင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများက Biometric ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ငဖဲမြို့မရပ်ကွက်ဓါတ်တော်ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ငဖဲမြို့မရပ်ကွက်ရှိ ပြည်သူများ၏ နိုင်ငံသားတစ်ဦးချင်းစီကိုယ်ရေး အချက်အလက်များ (Biographic Data)နှင့် ဇီဝ အချက်အလက်များ (Biometric Data) စိစစ်ကောက်ယူခြင်းနှင့် လိုအပ်သည့် ဓါတ်ပုံရိုက်ကူး ရယူခြင်း လုပ်ငန်းများဆောင်ရွက်ပြီး မြို့မရပ်ကွက်အတွင်း ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသော အသက်(၁၀)နှစ်နှင့်အထက်ရှိ ကျောင်းသား/သူများ၊  အငြိမ်းစား ဝန်ထမ်းများနှင့်  ၎င်းတို့မိသားစုဝင်များ၊ ပြည်သူများစုစုပေါင်း (၁၅၀)ဦး၏ ဇီဝဆိုင်ရာအချက်အလက် (Biometric) များကို ဓါတ်တော်ဓမ္မာရုံတွင် ကောက်ယူဆောင်ရွက်ခဲ့ပြီး Unique  ID နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးခဲ့သည်။

အဆိုပါလုပ်ငန်းကို ဇွန်လ ၂၂ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ထိ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် ပြည်သူများ စုစုပေါင်း (၉၈၀၀)ဦး၏  ဇီဝဆိုင်ရာအချက်အလက်များကို ကောက်ယူဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)