ပဲခူး နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးများအား အချိန်နှင့်တစ်ပြေးညီ ရိတ်သိမ်းနိုင်ရေး ဆောင်ရွက်နိုင်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှု လျော့ချပေးနိုင်ခဲ့ရကြောင်း၊ အဓိကအားဖြင့် အယ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးများအပေါ် အခြေခံပြီး ရာသီဥတု၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သည့် အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရန်လိုအပ်သလို အသိပညာပေးခြင်းများလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်စွာစနစ်တကျ သုံးစွဲရန်လိုအပ်ပြီး တစ်ဧက သတ်မှတ်ကောက်ကွက်/အပင်ရေ ပြည့်မီရန်လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးနည်းစနစ်ကို ပြောင်းလဲပေးခြင်းအပြင် တောင်သူလက်ဝယ်ရှိ ပန်းတိုင်ရည်မှန်ချက်မပြည့်မီသော မျိုးများအား အထွက်နှုန်းကောင်းပြီး သက်တမ်းတိုသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲပေးရန်လိုအပ်ကြောင်း၊ တန်ဖိုးနည်းကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသလို စိုက်ပျိုးရေရရှိရေးအတွက် လိုအပ်သည်များ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြှုပ်လေ့ရှိသည့် ဒေသများတွင် ရေမြှုပ်ခံစပါးမျိုးများ စိုက်ပျိုးနိုင်ရေးနှင့် မိုးရေချိန်နည်းပါးသည့် ဒေသများတွင် ရေအနည်းလိုစပါးမျိုးများ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ စုဆောင်းထားရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းအပြင် သွင်းအားစုအတွက် ပိုက်ဆံလျှော်နှင့် ပဲမျိုးရင်းများ စိုက်ပျိုးသွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးထပ်စွမ်းအား(၁၈၈)ရာခိုင်နှုန်းအထိ တိုးတက်နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသလို အောင်မြင်အောင် မဖြစ်မနေအနီးကြပ်ကြီးကြပ် ဆောင်ရွက်သွားရန်နှင့် တောင်သူများ စိုက်ပျိုးနိုင်သည့် အခွင့်အလမ်းကောင်းများရရှိရေးအတွက် မိမိတို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များက ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြေပြန့်ကော်ဖီ(ရိုဘက်စတာ)မျိုး သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထားရှိမှုနှင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ဆောင်ရွက်မည့် အခြေအနေများအား Power Point ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်း၏ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လိုအပ်ချက်များအား အသေးစိတ်ပြန်လည် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြတ်လင်း (ပြန်/ဆက်)