(၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံခရိုင် Community Centre ခန်းမတွင် သုတစွမ်းရည်ပြိုင်ပွဲပြုလုပ်

ဘားအံ နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတနှင့် ပြည့်စုံစေရန်နှင့် အင်္ဂလိပ်စာစွမ်းရည် တိုးတက်စေရေးအတွက် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ သုတစွမ်းရည်ပြိုင်ပွဲကို ယမန့်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုအေးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအားကျင်းပရာ အ.ထ.က(၄) ဘားအံ၊ အ.ထ.က (တောင်ကလေး)၊ အ.ထ.က(လှာကာ)၊ အ.ထ.က(စက်ရုံ)၊ အ.ထ.က(ခွဲ-အုန်းတပင်)၊ အ.ထ.က(ခွဲ-၃)၊ ပညာစံအိမ် ကိုယ်ပိုင်အထက်တန်းကျောင်း၊ Yuri ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ(၅၀)ဦးတို့က Kahoot Learning Game ဖြင့် ကရင်ပြည်နယ်နေ့အကြောင်း သိကောင်းစရာအကြောင်းအား အဖွဲ့(၅) ဖွဲ့ဖြင့်လည်းကောင်း၊ ဂျူးလီးယက်ဆီဆာအကြောင်းအား တစ်ဦးချင်းအလိုက်သော်လည်းကောင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ  ကရင်ပြည်နယ်နေ့အကြောင်း သိကောင်းစရာအကြောင်းအား အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Zombie အဖွဲ့ကပထမဆုကိုလည်းကောင်း၊ Camel အဖွဲ့က ဒုတိယဆု ကိုလည်းကောင်း၊ Pengon အဖွဲ့က တတိဆုကိုလည်းကောင်း၊ ဂျူးလီးယက်ဆီဆာအကြောင်း တစ်ဦးချင်း ပြိုင်ပွဲတွင် အ.ထ.က(လှာကာ)ကျောင်းမှ မယဉ်စန္ဒီတင့်က ပထမဆုကိုလည်းကောင်း၊ Yuri ကိုယ်ပိုင် အထက်တန်းကျောင်းမှ နန်းကြည်ကြည်ဝင်းက ဒုတိယဆုကိုလည်းကောင်း၊ တတိယဆုကို အ.ထ.က (လှာကာ)ကျောင်းမှ မယွန်းလဲ့ရွှေရည်မှလည်းကောင်း ဆုများရရှိခဲ့ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)