အုတ်တွင်းမြို့နယ်တွင် အသက် (၉)နှစ်မှ (၁၀)ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ အိတ်ချ်ပီဗွီ (HPV)ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

အုတ်တွင်း  အောက်တိုဘာ  ၂၂


ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး / ဆေးတိုက် အစီအစဉ် တွင် ပါဝင်သော သားအိမ်ခေါင်း ကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမ ဒေါ်အေးအေးမော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ဆက်လက်ထိုးနှံခဲ့သည်။
အုတ်တွင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးရမည့် ၂၀၁၀ ပြည့်နှစ် ၊ စက်တင်ဘာလထက်မစော ၂၀၁၁ခုနှစ်၊ ဩဂုတ်လထက် နောက်မကျဘဲ မွေးဖွားသူ မိန်းကလေးငယ် (၁၉၅၀)ဦးရှိပြီး ယနေ့ ဒုတိယနေ့တွင် ပဲခူးလမ်းရပ်ကွက်နှင့် ကသစ်တန်း ရပ်ကွက်ရှိ အသက် (၉)နှစ်မှ (၁၀)နှစ်ထိ မိန်းကလေးငယ် (၄၁)ဦးအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ထိုးနှံ ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးကို မိန်းကလေးငယ်တစ်ဦးအား တစ်နှစ်လျှင် (၂)ကြိမ်ထိုးနှံပေး ရမည်ဖြစ်ပြီး ယခုနှစ်တွင် ပထမအကြိမ်ကို အောက်တိုဘာ (၂၁)ရက်မှ (၂၃)ရက်နေ့ထိ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
စည်သူ (ပြန်/ဆက်)