ထားဝယ် နိုဝင်ဘာ ၇
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီးအဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအသက်(၁၈)နှစ်နှင့်အောက် မြို့နယ်ပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်မှ (၁၅)ရက်ထိ နေပြည်တော်မှာ ကျင်းပပြုလုပ်မည့် ပညာရေးဝန်ကြီးဌာန ဗဟိုအဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် သွားရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက်တိုင်းဒေသကြီးလက်ရွေးစင် ရွေးချယ်နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းသားအားကစား ပွဲတော်သည် အစဉ်အလာကြီးမားသော ပွဲတော်တစ်ခုဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် (၁၃)နှစ်ကြာရပ်နားထားခဲ့သော ကျောင်းသား အားကစားပွဲတော်ကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ပထမအကြိမ်၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ ဒုတိယအကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသားအားကစားပွဲတော်အား ပြန်လည်ကျင်းပခဲ့သည့်အတွက် တိုင်းဒေသကြီးအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အားကစားစွမ်းဆောင်ရည် အမြင့်မားဆုံး ဒိုင်းဆုနှင့် အမျိုးသား၊အမျိုးသမီးပြေး၊ ခုန်၊ ပစ် တံခွန်စိုက် ဒိုင်းဆု၊ အမျိုးသမီးဘောလုံး ရွှေတံဆိပ်ဆုများ ရရှိခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်တွင် မ(ဘော်လီဘော)ရွှေတံဆိပ်ဆု၊ ကျား (ပိုက်ကျော်ခြင်း) ကြေးတံဆိပ်ဆု၊ ပြေးခုန်ပစ်တွင် ရွှေ(၁၆)ခု၊ ငွေ(၇)ခု၊ ကြေး(၈)ခုရရှိပြီး တိုင်းနှင့် ပြည်နယ်အဆင့် ပထမဆုဆွတ်ခူးရရှိခဲ့သည့်အတွက် တိုင်းဒေသကြီး၏ အားကစားကဏ္ဍ တိုးတက် မြင့်မားလာကြောင်း၊ ပြိုင်ပွဲဝင် အားကစားမောင်မယ်များအနေဖြင့် ဇွဲ၊ စိတ်ဓာတ်ကိုအရင်းခံပြီး တနင်္သာရီ တိုင်းဒေသကြီး၏ ဂုဏ်ကိုသာမက နိုင်ငံတော်ဂုဏ်သိက္ခာကိုပါ မြင့်မားလာအောင်ဆောင်ရွက်နိုင်သော လက်ရွေးစင်အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှပြန်လည် ထွက်ခွာကာ အမျိုးသားဘောလုံး ထားဝယ်အသင်းနှင့်လောင်းလုံး အသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးရာ ထားဝယ်အသင်းက (၁၁)ဂိုး (၀)ဂိုးဖြင့် အနိုင်ရရှိသည်။
တိုင်းဒေသကြီးအဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲကို နိုဝင်ဘာ(၁၃) ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)