လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေး

လိပ်သို  နိုဝင်ဘာ   ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ် အရွယ် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ကို ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက သစ်ခွတောင် ကျေးရွာနှင့် မာဒေးကျေးရွာတို့ရှိ အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ်မိန်းကလေးများကို ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ မြို့ပေါ်နှင့် ကျေးရွာများမှ ကျန်ရှိနေသော မိန်းကလေးငယ်များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားပါက နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် HPV ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရသည့်ကာကွယ်ဆေး ဖြစ်ပြီး HPV  ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)