စစ်ကိုင်း နိုဝင်ဘာ ၇
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း “တန်ဖိုးမြှင့်စား သောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေလျံစိုးက ပြည်သူများ အလုပ်အကိုင်ရရှိ ရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေ ရေးအတွက် သက်ဆိုင်ရာဌာနအနေဖြင့် နည်းပညာ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှ ပညာရပ်တွေကို ရရှိကြ လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ရရှိခဲ့သည့် ပညာရပ်တွေကို လက်တွေ့အသုံးချပြီး မိမိတို့မိသားစုအတွက် နိုင်ငံတော်အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်အောင် ကြိုးစားလုပ်ကိုင် ဆောင်ရွက်သွား ကြစေလိုကြောင်း၊ သင်တန်းမှ သင်တန်းသား/ သင်တန်းသူ အမှန်တစ်ကယ်လုပ်ငန်း ထူထောင်လိုသူ (၅)ဦးကိုလည်း ကော်မတီမှ စိစစ်ရွေးချယ်ပေးပြီး နိုင်ငံတော်မှ အကုန်အကျခံ လုပ်ငန်းထူထောင်ပေး သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းမှရရှိခဲ့သည့် ထုတ်ကုန် ပစ္စည်းများကို ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံပေးခဲ့သည်။
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်သူများ အလုပ်အကိုင်ရရှိစေရေးအတွက် ဖျော်ရည်မျိုးစုံ၊ မုန့်မျိုးစုံနှင့် စက်ချုပ်လုပ်ငန်း သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးနေကြောင်း သိရသည်။
ဇော်မြင့်နိုင်