(၆၈)နှစ်မြောက်ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒုံးစင်အသစ်ဖွင့်လှစ်၊ ကရင်ဒုံးအကပြိုင်ပွဲဖွင့်ပွဲနှင့် ရေကျော်-လှိုင်းပုံ-လှာကမြင် ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဘားအံ နိုဝင်ဘာ ၆

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၈)နှစ်မြောက်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ၁၆၂ ဒသမ ၆၂၅ သန်းဖြင့် တည်ဆောက်ခဲ့သော ဘားအံမြို့၊ သီရိကွင်း ဒုံးစင်အသစ်ဖွင့်ပွဲကို  ယမန်နေ့ညနေ ၄ နာရီခွဲက ဘားအံမြို့ သီရိကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ဒုံးစင်အသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်လူမျိုးများ၏ အထွဋ်အမြတ်ထားသည့် ရိုးရာယဉ်ကျေးမှုအက ကပြဖျော်ဖြေရာဒုံးစင်အား ခေတ်နှင့်လျော်ညီစွာ အဆင့်မြှင့်တင်တည်ဆောက်ပြီး ခမ်းနားထည်ဝါစွာ ဖွင့်လှစ်ပေးသော နေ့ဖြစ်သည့် အတွက် ကရင်တစ်မျိုးသားလုံး  ဝမ်းမြောက်ဂုဏ်ယူရမည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ် သီရိကွင်းဒုံးစင်ကို ယခင်က ယာယီ သစ်သားစင်ဖြင့် ကပြဖျော်ဖြေလာရာမှ ယခုမိမိတို့ ပြည်နယ်အစိုးရအဖွဲ့ လက်ထက်တွင် အဆိုပါ ဒုံးစင်ကို မျက်နှာကြတ်အပါအဝင် သံကူကွန်ကရစ်အမျိုးအစားဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကရင်တိုင်းရင်း သားစာပေ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို မှေးမှိန်ပျောက်ကွယ်မသွားအောင် အားသွန်ခွန်စိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကရင်တိုင်းရင်းသားတို့၏ ဒုံးအက အပါအဝင် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဝတ်စားဆင်ယင်မှု၊ စာပေဘာသာစကားတို့ကို ကမ္ဘာ တည်သရွေ့ တည်တံ့ခိုင်မြဲအောင်နှင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ  ရပ်တည်ရှင်သန်နိုင်အောင် တိုင်းရင်းသားများအားလုံးကလည်း မိမိတို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြသည့်အတွက် ယခုနှစ်တွင် ကျရောက်သော (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင် ရိုးရာ ယဉ်ကျေးမှု ဒုံးစင်အသစ်ကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး ဒေါ်နန်းဘေဘီမြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် မြို့မိမြို့ဖတို့က ဘားအံမြို့ သီရိကွင်းရှိ ဒုံးစင် အသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒုံးစင်အသစ် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒုံးအကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ် ပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက အထိမ်းအမှတ်လက်ဆောင်များ ပြန်လည် ပေးအပ်ပြီးနောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့်   ဧည့်သည်တော်များက  ဒုံးစင်အသစ်အား   လှည့်လည်ကြည့်ရှု၍ ရတနာရွှေမိုးငွေမိုးများ သွန်းဖြိုးကာ ကြွရောက်လာသော ဧည့်သည်တော်များ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ သီရိကွင်းဒုံးစင်သစ်ကို အလျား ၅၃ ပေ အနံ(၆၀)ပေ အုတ်ခုံစင်မြင့်  ၂ ဒသမ ၅ ပေ၊ နောက်ခံ အုတ်နံရံ အမြင့် ၁၆ ပေနှင့် ဘေးကပ်လျက်အဆောင် ၂ ဆောင်အတွက် အလျား ၂၄ ပေ၊ အနံ ၃၀ ပေ၊ အုတ်ခုံစင်မြင့် ၂ ဒသမ ၅ ပေ၊ အမြင့် ၁၄ ပေ၊ သန့်စင်ခန်း ၄ ခန်း၊ သွပ်မိုး၊  ရေ၊ မီး၊  မျက်နှာကြက်  အပါအဝင် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ၁၆၂ ဒသမ ၆၂၅ သန်းဖြင့် အဆင့်မြှင့်တင် တည်ဆောက်ခဲ့ကြောင်းသိရသည်။

အလားတူ ယနေ့ညနေ ၅ နာရီတွင် ကရင်ဒုံးအကပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦးက ကရင်လူမျိုးတို့၏ လေးစားဂုဏ်ယူစွာဖြင့် အမြတ်တနိုးတန်ဖိုးထားကြသည့် ကရင်ရိုးရာဒုံးအကပြိုင်ပွဲကို ဒုံးစင်အသစ်နှင့်အတူ ယှဉ်ပြိုင် ကြရမည်ဖြစ်ကြောင်း၊ ကရင်ရိုးရာ ဒုံးအကသည် ကရင်တိုင်းရင်းသားတို့နှင့်အတူ ယဉ်ကျေးမှုသက်တမ်း သမိုင်းကြောင်း ရှည်ကြာခြင်း၊ ခေတ်အလိုက် ရိုးရာဟန်ဖြင့် တိုးတက်ထွန်းကားမှုရှိခြင်း၊ လက်ဆင့်ကမ်း ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ခြင်းတို့ကြောင့် ကရင်တိုင်းရင်းသားတို့၏ ဒုံးအကသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲ စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်ဒုံးအသင်းများအနေဖြင့် အားကြိုးမာန်တက် ကပြယှဉ်ပြိုင်ကြရမည်ဖြစ်သလို အကဲဖြတ် ဒိုင်များ၏ မှန်ကန်သော အဆုံးအဖြတ်ဖြင့် အဆင့်လိုက်ရမှတ်များကို လက်ခံကာ ကြိုးစားယှဉ်ပြိုင်သွားကြပါဟု တိုက်တွန်းပြောကြားရင်း (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ ဒုံးအကပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် မြို့မိမြို့ဖများက စတင်ယှဉ်ပြိုင်ကြသော ကရင် ရိုးရာ ဒုံးအက ပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ ကရင်ရိုးရာဒုံးအကပြိုင်ပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက် ၇ နာရီက (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့​ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၄၂၂ ဒသမ ၈၇၇ သန်းဖြင့် ဝေပုံမြကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဘားအံမြို့နယ်၊ ​ရေကျော်-လှိုင်းပုံ-လှာကမြင်လမ်း ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အရှည် (၂)မိုင် (၁)ဖာလုံ၊ အကျယ်(၂၄) ပေရှိ ရေကျော်-လှိုင်းပုံ-လှာကမြင် ကတ္တရာကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ကာ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုကတ္တရာကွန်ကရစ်လမ်းသစ်သည် ဇွဲကပင်အဆင့်မြင့်အားကစားကွင်းသို့ သွားရောက်နိုင်သည့် အဓိကလမ်းမကြီးဖြစ်ပြီး နိုင်ငံတော်၏ အားကစားကဏ္ဍအတွက် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေသည့် လမ်းမကြီးဖြစ်ပါကြောင်း၊  ထို့အတူ မဲဘောင်-နောင်ပလိန်နှင့်  ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ချိတ်ဆက်ပေးထားသည့် လမ်းတစ်လမ်း ဖြစ်သည့်အပြင် လှာကမြင်ကွက်သစ်၏ အဓိကအဝင် လမ်းမကြီးလည်းဖြစ်ပါကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အုံများဖြစ်သည့် လမ်း၊ တံတားများ တည်ဆောက်ရာတွင်  ပြည်နယ် အတွင်းမှာရှိတဲ့  တိုင်းရင်းသားပြည်သူများက အတူတကွ ပူးပေါင်းပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲ အောင် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ကတ္တရာ ကွန်ကရစ်လမ်းသစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင် စကားပြန်လည် ပြောကြားကာ ပြည်နယ်ညွန်ကြားရေးမှူးက လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)