ဘားအံ နိုဝင်ဘာ ၇
ကရင်ပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီတွင် ဘားအံမြို့နယ်၊ ထောင်ဝိကွင်း၌ကျင်းပသော ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့၊ မြေဩဇာများပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သကဲ့သို့ နိုင်ငံလူဦးရေ၏ ၇၀ % ခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ပြီး မြေယာကိုအခြေပြုကာ စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများကို အဓိကလုပ်ကိုင်နေရကြောင်း၊ ထို့အတူ တိုးတက်လာသည့်လူဦးရေ၏ စားရေရိက္ခာဖြည့်တင်းရန် စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်ကထက် ပိုမိုတိုးထုတ်လာနိုင်ရန် လိုအပ်သကဲ့သို့ အဓိကသီးနှံများဖြစ်သည့် ဆန်၊ ဆီ၊ ပဲ ဖူလုံအောင်၊ ၎င်းအပြင် စား၍ရသမျှ သီးနှံများကို တစ်သီးမှနှစ်သီးသုံးသီးအထိ မိမိတို့လယ်ယာမြေများတွင် နေရာလပ်မကျန် အချိန်မီ စိုက်ပျိုးသွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ဆောင်နေသည့် ပြည်နယ်တစ်ခုဖြစ်သည့်အပြင် လယ်ယာမြေထွန်ယက်စိုက်ပျိုးရန် သဘာဝအရင်းအမြစ်နှင့် သယံဇာတပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ကုန်းမြင့်သီးနှံ၊ မြေနိမ့်သီးနှံစသည့် သီးနှံအမယ်စုံ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် အလားအလာကောင်းကောင်းသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့အကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်အတွင်းစားရေရိက္ခာ ဖူလုံရေး၊ လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများကို အရှိန်အဟုန်မြှင့် တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့က တောင်သူများအား နေကြာမျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် ဆောင်းဆီထွက်သီးနှံနေကြာ မျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည်နယ်ဝန်ကြီးချုပ်ဖလား လှေလှော်ပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား တွေ့ဆုံခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က မိမိအနေဖြင့် တိုင်းရင်းသားများနှင့် တွေ့ဆုံသည့်အခါတိုင်း တိုင်းရင်းသားများ၏စာပေနှင့်ယဉ်ကျေးမှုများကို ပျောက်ကွယ် မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ရန် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကို တာဝန်ယူကြတဲ့ ပုဂ္ဂိုလ်များကို အမြဲတမ်းတိုက်တွန်းပြောကြားခဲ့ပါကြောင်း၊ ယင်းတာဝန်သည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၂) တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့်ယဉ်ကျေးမှုတို့ကို ကူညီဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အတူ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊ တိုးတက်ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်ဟု အတိအလင်းပြဋ္ဌာန်းထားပါကြောင်း၊ ထို့အတူ တိုင်းရင်းသားများ၏ အခွင့်အရေးများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းထားပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသီးသီးမှာ တာဝန်ယူဆောင်ရွက်နေကြသည့်ပုဂ္ဂိုလ်များကို လေးစားဂုဏ်ယူ အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က တိုင်းရင်းသားများအနေဖြင့် မိမိစာပေ၊ မိမိယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ကိုယ်စီရှိပါကြောင်း၊ အလားတူ တိုင်းရင်းသားများအနေဖြင့် မိမိစာပေ၊ မိမိယဉ်ကျေးမှုဓလေ့ ထုံးတမ်းများကို ကာကွယ်စောင့်ရှောက်သလို မိမိတို့နိုင်ငံအတွက်လည်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် တိုင်းပြည်ကို တည်ဆောက်ရာတွင် အသိပညာနှင့်တည်ဆောက်ခြင်း၊ ရင်းနှီးမှုနှင့်တည်ဆောက်ခြင်း၊ ကိုယ့်အကျိုး၊ သူ့အကျိုး အတ္တပရမျှတအောင် တည်ဆောက်နိုင်ရန်လိုပါကြောင်း၊ ထို့ကြောင့် ဒေသအတွင်းမှာရှိသည့် တိုင်းရင်းသားများအားလုံးသည် ယခင်ကတည်းက အတူတကွနေထိုင်ခဲ့ကြသလို ယခုအချိန်တွင်လည်း အတူတကွ နေထိုင်ခဲ့ကြသည့်အတွက် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီပြီး စောင့်ရှောက် ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ကလည်း မိတ်ဆက်အမှာစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်များ အပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က ကရင်၊ ပအိုဝ်း၊ ရှမ်း၊ မွန်၊ ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တို့အား တစ်ဖွဲ့လျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၅၀ အား ထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)