အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပုသိမ်မြို့တွင် ကျင်းပ

ပုသိမ် နိုဝင်ဘာ ၇

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က “တိုင်းဒေသကြီးမှ ထွက်ရှိသည့် ကုန်ကြမ်းများအား အခြေခံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထား ဆောင်ရွက်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ဧရာဝတီပေါ်ဆန်းစပါးနှင့် ပတ်သက်၍ မူပိုင်ခွင့်များ ရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဓာတုကင်းလွတ် ပေါ်ဆန်းများလည်း စိုက်ပျိုးဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပီလောပီနံစိုက်ခင်းများ စိုက်ပျိုး၍ ကုန်ကြမ်းများ ထုတ်လုပ်ခြင်း၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်​ရေးနှင့် ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်နိုင်​ရေး ကြိုးစား​ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပဲမျိုးစုံ ဧက(၁၆)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅ခုနှစ်တွင် တိုင်း​ဒေသကြီးအတွင်း ဆီဖူလုံရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊ နွေစပါး ဧက(၅၂)သိန်းကျော် စိုက်ပျိုးပြီး စပါးတင်း သိန်းပေါင်းလေးထောင်ကျော် ထွက်ရှိသည့် တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ ပုသိမ်ထီးလုပ်ငန်းများလည်းရှိပြီး ပြည်တွင်းပြည်ပ ဈေးကွက်များအထိ တင်ပို့ ဆောင်ရွက်နိုင်ရေး ဆောက်ရွက်လျက် ရှိပါကြောင်း၊ ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် စိုက်ပျိုးရေး ထွက်ကုန်များအား ပြည်ပကို တင်ပို့ရောင်းချရာတွင် အရည်အသွေး၊ အရေအတွက်ပိုင်းများတွင် လိုအပ်နေသေးပြီး ပြည်ပဝယ်လက်နိုင်ငံများမှ လိုအပ်သည့် အရည်အသွေးမျိုး ထုတ်လုပ်တင်ပို့နိုင်ဖို့ လိုပါကြေင်း၊ သို့မှသာ ဈေးကောင်းရရှိပြီး ပြည်ပဝင်ငွေတိုးကာ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊  စိုက်ပျိုးရေးထွက်ကုန်များထဲမှ ပုံမှန်တင်ပို့နေသည့်  အမယ်များအပြင် ပြည်ပတင်ပို့နိုင်မယ့် အလားအလာရှိသည့် အမယ်သစ်များကိုလည်း MSME လုပ်ငန်းများမှ တစ်ဆင့် ထုတ်လုပ်ပြီး ပြည်ပဈေးကွက်တွေနဲ့ ချိတ်ဆက်ကာ တိုးချဲ့တင်ပို့နိုင်ဖို့လည်း လိုအပ်ပါကြောင်း၊  ထို့အတူ ထုတ်လုပ်မှုပိုင်းတွင်လည်း ပြည်တွင်းစားသုံးရန်အတွက်သာမက ပြည်ပတင်ပို့ရောင်းချနိုင်ဖို့အထိ ရည်ရွယ်ပြီး ထုတ်ကုန်ဒီဇိုင်း၊ ထုတ်ပိုးမှုပုံစံ၊ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ ထုတ်ကုန်မူပိုင်ခွင့် စသည်များကို နိုင်ငံတကာအဆင့်မီ တိုးချဲ့ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊  ပြည်ပကို တင်ပို့ရောင်းချရာတွင်လည်း ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် အဆင့်မြှင့် ထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်မည်ဆိုပါက အကျိုးအမြတ် ပိုမိုရရှိမှာ ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် တိုင်းဒေသကြီးအတွက် အကျိုးရှိသည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်တစ်ခုဖြစ်ပြီး ​ဆွေး​နွေးပွဲမှရရှိသည့် ရလဒ်များကိုလည်း ပညာရှင်များ၊ သု​တေသနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၏ ပူး​ပေါင်း​ဆောင်ရွက်မှုအားဖြင့် တိုင်း​ဒေသကြီးမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်​ရေး၊ ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်​ရေးအတွက်  ဝိုင်းဝန်းပူးပေါင်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း" အဖွင့်အမှာစကားများပြောကြားသည်။

ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)