အထက်မင်းလှ နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်းခြင်းကို ယမန်နေ့လယ် (၂) နာရီခွဲက မင်းလှမြို့ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၃) ဦးတို့ကသွေး လိုအပ်နေသူများအတွက် စုပေါင်းသွေးလှူဒါန်းခဲ့ကြ ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က သွေးလှူဒါန်းပေးသူ ဝန်ထမ်းများအား ဖီးကြမ်းငှက်ပျောသီး(၁)ဖီး၊ ကြက်ဥအလုံး(၁၀)နှင့် အားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသွေးလှူဒါန်းပွဲသို့ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှနှင့် ဝန်ထမ်းများ၊ မင်းလှမြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့် ဝန်ထမ်းများကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)