မင်းဘူး နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဒေသခံတောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော စပါးမျိုးရွေးချယ်သည့် ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဥယျာဉ်ဇင်ကျေးရွာအုပ်စု၊ သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာရှိ ကွင်းအမှတ် ၁၁၉၂ ၌ ကျင်းပရာ တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးနိုင်နှင့် မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ကွင်းသရုပ်ပြပွဲတွင် မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာနက သုတေသနပြု၍ တောင်သူလယ်သမားများ အကျိုးဖြစ်ထွန်းစေမည့် စပါးမျိုးများကို စမ်းသတ်အုပ်စု (၂) အုပ်စုမှ ထုတ်လုပ်ကာ အလားအလာကောင်း စပါးမျိုးများဖြစ်သော (က) အုပ်စု ဆင်းသုခ၊ ဆင်းသုခ-၁၊ ဆင်းသုခ-၂၊ ဆင်းသုခ-၃၊ ဆင်းသုခ-၄၊ ရွှေရီတိုး၊ YMR-20 နှင့် (ခ) အုပ်စုမှ ဆာဖိုးသာ၊ ထိုင်းနှံကောက်နှင့် GW11 စပါးမျိုးများမှ မျိုးရွေးချယ်ရာတွင် စပါးပင်သက်တမ်းအလိုက် ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း၊ အလားအလာကောင်းသော စပါးမျိုးဖြစ်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ သီးနှံများ အထွက်တိုးကာ အရည်အသွေးကောင်းမွန်၍ ဆန်ရည်ဆန်သားကောင်းခြင်း၊ စားသုံးရာတွင် ကောင်းမွန်ခြင်းများကို လက်တွေ့ရှင်းလင်းတင်ပြခဲ့ပြီး တောင်သူများမှ မျက်မြင်တွေ့ရှိချက်အရ စပါးနှံဖြစ်တည်မှု ၊ စပါးပင်အမြင့်၊ စပါးပင်ရင့်မှည့်မှုတို့ကို အခြေခံ၍ ဆင်းသုခ-၁ စပါးမျိုးနှင့် ဆာဖိုးသာ စပါးမျိုးအား အများဆုံး ကြိုက်နှစ်သက်မှု ရှိကြကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများသည် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတို့ သုတေသနပြု၍ စိုက်ပျိုးထားသော စပါးစိုက်ကွင်းများအား လှည့်လည်ကာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)