ပွင့်ဖြူ နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အပတ်စဉ်(တနင်္လာနေ့တိုင်း) စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဈေးများအားလုံးကို ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များနှင့်ပူးပေါင်းပြီး ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှု လျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ် ပြည်သူများကို တွေ့ဆုံကာဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ် အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများစွာဖြစ်စေနိုင်မှု အခြေအနေများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ်ပြည်သူများအား သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပလတ်စတစ်ပစ္စည်းလျော့ချနိုင်ရေး ဈေးရောင်းချရာတွင် အစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)