ပွင့်ဖြူ နိုဝင်ဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးက e-ID စနစ်အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၆ ရက်နေ့အထိ စုစုပေါင်းလူဦးရေ ၁၅၄၆၉ ဦး ကောက်ယူဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးထံက သိရသည်။
ပွင့်ဖြူမြို့နယ်၌ e-ID စနစ်အသုံးပြု၍ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၂၂ ရက်နေ့ကစပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲ၍ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာစာသင်ကျောင်းများနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ကျေးရွာနေပြည်သူများကို နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ Biographic Data နှင့် Biometric Data များ စနစ်တကျကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး မတူညီဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်ကာကတ်ပြားများကို နေ့ချင်းပြီး ထုတ်ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ e-ID စနစ်ဖြင့် ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို စုစုပေါင်းလူဦးရေ ၁၈၂၈၀ ဦးကောက်ယူရန် လျာထားရှိပြီး ဇွန် ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ မြေပြင် ကွင်းဆင်းကောက်ယူပြီးစီးမှုအနေဖြင့် စုစုပေါင်း လူဦးရေ ၁၅၄၆၉ ဦး စာရင်းကောက်ယူ ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် သတ်မှတ်လျာထားဦးရေ ပြည့်မီစွာ ကောက်ယူပြီးစီးရေးအတွက် အရှိန်အဟုန်မပျက် ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြောသည်။
ယခုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများအား e-ID စနစ်အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးနိုင်ရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့်အခြေခံစနစ်တစ်ခု တည်ဆောက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)