မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၄/၂၀၂၃) သို့ တက်ရောက်

မကွေး နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး(၄/၂၀၂၃)ကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက သတ်မှတ်ပေးထားပြီး လုပ်ငန်းတာဝန်များအား တည်ဆဲဥပဒေများနှင့်အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ သဘောထားမှတ်ချက်ရယူ၍ စိစစ်ခြင်း၊ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၃) တွင် ရာသီသီးနှံ၊ စက်မှုကုန်ကြမ်းရာသီသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ နှစ်ရှည်ပင်စိုက်ပျိုးမှုအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားသည့်လုပ်ငန်း စာတွဲ(၁၄)တွဲ၊ အစိုးရက ခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲ(၅)တွဲ၊ မကွေးတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စိမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတင်ပြဆောင်ရွက်ရန်အကြောင်း ကြားလာသည့် လုပ်ငန်းစာတွဲ (၉)တွဲ၊ မင်းဘူးခရိုင်သီးခြားအဖွဲ့မှ စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲ (၆)တွဲတို့အား တည်ဆဲမြေလွတ် ၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ပြီး တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ သဘောထားမှတ်ချက်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသဘောထားမှတ်ချက်ရယူပြီး ခွင့်ပြုခြင်း၊ ငြင်းပယ် ခြင်းများကို ဆောင်ရွက်သွားမှာဖြစ်ပါ၍ တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် သဘော ထားမှတ်ချက်ပြု ပါဝင်ဆွေးနွေး ဆောင်ရွက်ပေးစေလိုကြောင်း၊ မကွေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအနေဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာမှာ နိုင်ငံတော်စီးပွားဖွံ့ဖြိုး တိုးတက်ရေး ဒေသခံများ မြေယာမဲ့နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ မွေးမြူရေးလုပ်ငန်းများ ဓါတ်သတ္ထုတူးဖော်ရေးလုပ်ငန်းများ အစိုးရက ခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများအား ထိရောက်မှန်ကန်စွာ အသုံးချနိုင်ရေးတို့ကို ရှေ့ရှု၍ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်စပ်ပတ်သက် သည့် ဌာနအဖွဲ့အစည်းအားလုံးနှင့် ချိတ်ဆက်ပြီး အောင်မြင်မှုရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးက တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ ပုံစံ(၁)ဖြင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲ(၁၄)တွဲနှင့်ပတ်သက်၍လည်းကောင်း၊ ပုံစံ(၄)လျှောက်ထားလာသည့် လုပ်ငန်းစာတွဲ(၇)တွဲနှင့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး တင်ပြဆောင်ရွက်ရန် အကြောင်းကြားလာသည့် လုပ်ငန်းစာတွဲ(၇)တွဲနှင့် ပတ်သက်၍လည်းကောင်း၊ မင်းဘူးခရိုင်သီးခြားအဖွဲ့မှ ကွင်းဆင်းစိစစ်တင်ပြလာသည့် လုပ်ငန်စာတွဲ (၆)တွဲ တို့အားလည်းကောင်း ဆုံးဖြတ်နိုင်ရေး ဆွေးနွေး တင်ပြချက်များ အပေါ် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက စိစစ်၍ ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ