ကန့်ဘလူ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ တောင်သူများသည် လယ်ယာစိုက်ပျိုးရာတွင် ဧရာမင်း၊ မနော်၊ ဆင်းသုခ၊ မနောသုခနှင့် အခြားစပါးမျိုးများကို စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။ ထို့ပြင် ကန့်ဘလူမြို့နယ်အတွင်း ရွှေဘိုပေါ်ဆန်းစပါးကို ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးအနေဖြင့် ကန့်ဘလူဒေသကိုယ်စားပြုသော ထုတ်ကုန်တစ်မျိုးအဖြစ် ရေရှည်တည်တံ့စေရန်၊ ရွှေဘိုပေါ်ဆန်း၏ စျေးကွက်ခိုင်မာစွာ ရပ်တည်နိုင်စေရန်၊ ရွှေဘိုပေါ်ဆန်း စပါးမျိုးကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ ဝင်ငွေ တိုးတက်လာစေရန်၊ စျေးကွက်ခိုင်မာစွာဖြင့် မူပိုင်ခွင့်ရရှိပြီး မြို့နယ်အတွင်း ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးသူ တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့နယ် သီးလုံးကျေးရွာမှ တောင်သူတစ်ဦးသည် ၁၉၉၇- ၁၉၉၈ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုး ၄ ပြည်ယူ ဆောင်ခဲ့ပြီး စိုက်ပျိုးထုတ်လုပ်ပွားများခြင်းကို ဆောင်ရွက်ခဲ့သည်။ ရွှေဘိုမြို့နယ် ချီပါမျိုးသန့်ခြံ တာဝန်ခံသည် ၂၀၀၄- ၂၀၀၅ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မျိုးသန့်မျိုးပွားမျိုးစေ့ RS အဆင့်ရှိ ပေါ်ဆန်းဘေးကြားတင်း ၆၀ သယ်ယူ၍ စတင် မျိုးပွားခဲ့ခြင်း၊ သီးလုံးကျေးရွာ အကျိုးဆောင်တောင်သူများနှင့် မျိုးပွားခြင်းကို ဆောင်ရွက်ခဲ့သည်။
၂၀၁၀ ခုနှစ်မှစတင်၍ ရန်ကုန်စျေးကွက်သို့ အများဆုံး တင်ပို့ရောင်းချသည့်အပြင် အခြားဒေသများသို့ပါ တင်ပို့ရောင်းချရသဖြင့် စျေးကွက်ခိုင်မာသော စပါးမျိုးတစ်မျိုးအဖြစ် ရပ်တည်လျက်ရှိပြီး ကန့်ဘလူမြို့နယ်သည် ယခင်က ရွှေဘိုခရိုင်အတွင်းပါရှိ၍ ရွှေဘိုပေါ်ဆန်း စပါးမျိုးသည် အရည်အသွေးကောင်းမွန်၍ စျေးကောင်းရရှိသဖြင့် ကန့်ဘလူမြို့နယ်မှ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာခြင်းဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် အရည်အသွေးကောင်း၊ စျေးကွက်ကောင်းရရှိပြီး တောင်သူများ အကျိုး အမြတ်ပိုမိုရရှိသော ရွှေဘိုပေါ်ဆန်းစပါးမျိုးများကို တိုးချဲ့စိုက်ပျိုးရေး ပညာပေးစည်းရုံး ဆောင်ရွက်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးသူတောင်သူများအား အရည်အသွေးကောင်း ရရှိစေရေး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ပညာပေး ကွင်းဆင်းဟောပြောခြင်း၊ ရွှေဘိုပေါ်ဆန်းစပါး စျေးကွက်ခိုင်မာစေရေး ဆန်စက်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ရွှေဘိုပေါ်ဆန်းစပါး ဝယ်ယူ ကြိတ်ခွဲ တင်ပို့ရောင်းချလျက်ရှိသော ဆန်စက်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူတောင်သူများ အချိတ်အဆက်မိစွာဖြင့် ရွှေဘိုပေါ်ဆန်းစပါး အရည်အသွေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ခြင်း၊ စျေးကွက်ခိုင်မာစေရေးအတွက် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအချင်းချင်း ညှိနှိုင်းချိတ်ဆက်ဖြန့်ဖြူးရောင်းချခြင်း၊ ကြိတ်ခွဲတင်ပို့ ရောင်းချရာတွင်လည်း အရည်အသွေးကောင်းရရှိစေရေး၊ မျိုးသန့်စပါးများ အသုံးပြု စိုက်ပျိုးစေရေး စသည့် လုပ်ငန်းများကို တောင်သူများ၊ ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်တွင် ရွှေဘိုပေါ်ဆန်းစပါးကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးနိုင်ရေး ပညာပေး စည်းရုံးဆောင်ရွက်လျက်ရှိရာ ရွှေဘိုပေါ်ဆန်း စပါးစိုက်ဧကများအနေဖြင့် ၂၀၁၈- ၂၀၁၉ ခုနှစ်တွင် ၃၂၀၃၅ ဧက၊ ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် ၄၂၂၈၇ ဧက၊ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် ၂၈၀၈၀ ဧက၊ ၂၀၂၁- ၂၀၂၂ ခုနှစ်တွင် ၃၀၈၀၃ ဧက၊ ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် ၁၅၃၇၆ ဧက၊ ယခုနှစ် ၂၀၂၃- ၂၀၂၄ ခုနှစ်တွင် ၂၃၀၅၉ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာန ဦးစီးမှူးဦးမျိုးဇော်ထံမှသိရသည်။
ဒေသရေမြေအလိုက် တောင်သူတွေအတွက် အမှန်တကယ်အကျိုးရှိမည့် စိုက်ပျိုးနည်းစနစ် တွေကို လက်တွေ့သရုပ်ပြခြင်း၊ ဆွေးနွေးခြင်း၊ တောင်သူတွေကိုယ်တိုင်ပါဝင် စိုက်ပျိုးစေခြင်း စသည့် နည်းများနှင့် ဆောင်ရွက်သည့်အတွက် တောင်သူတွေအတွက်လည်း အကျိုးဖြစ်ထွန်းပြီး နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးကိုဖော်ဆောင်သွားမှာ ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု ၉၀ ကျော်အနက် ကျေးရွာအုပ်စု ၃၀ က တောင်သူပေါင်း ၁၂၉၈၂ ဦးတို့က ရွှေဘိုပေါ်ဆန်းစပါးကို စိုက်ပျိုးလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ထို့ပြင် ကောက်စိုက်စက်များဖြင့် တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာစေရေးအတွက် စက်ကိရိယာစွမ်းအားဖြင့် စိုက်ပျိုးမှု၏ အားသာချက်များကို သိရှိစိုက်ပျိုးလာနိုင်စေရန် သက်ဆိုင်ရာ ဌာနများက ကွင်းဆင်းဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ စက်ဖြင့်ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းများဆောင်ရွက်ခြင်းဖြင့် ပျိုးကုန်ကျမှုသက်သာခြင်း၊ လုပ်အားခသက်သာခြင်း၊ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း၊ လေဝင်လေထွက်ကောင်းပြီး စပါးပင် ပင်ပွားနှုန်းကောင်းပြီး သီးနှံအထွက်နှုန်း ကောင်းမွန်ခြင်း၊ ကောက်စိုက်စက်နှင့် စိုက်ပျိုးခြင်းအားဖြင့် ပျိုးထောင်ရ လွယ်ကူခြင်း၊ ပုံမှန်ပျိုးထောင်စိုက်ပျိုးရာတွင် စပါးမျိုးများပိုကုန်ခြင်း၊ ကောက်စိုက်စက်နှင့် စိုက်ပျိုးခြင်းအားဖြင့် မျိုး ၈ ပြည်မှ ၁၀ ပြည်သာကုန်ခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ကောက်စိုက်စက်နှင့် စိုက်ပျိုးခြင်းဖြင့် ကောက်ပင်လှန်တာကို စောင့်စရာမလိုဘဲ တစ်ခါတည်း စက်နှင့်စိုက်ပြီး ပျိုးပင်သည် မြေကြီးနှင့်စွဲပြီး တစ်ခါတည်း ပင်ပွားနှုန်းကောင်းပြီး တက်လာမှာ ဖြစ်ကြောင်း မြိုနယ်စက်မှုလယ် ယာဦးစီးဌာနမှူး ဦးတင်မောင်ထွန်းကပြောသည်။
ကန့်ဘလူမြို့နယ်တွင် One Region One Product အဖြစ်ဆောင်ရွက်လျက်ရှိသည့် ရွှေဘို ပေါ်ဆန်းစပါး ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ဆောင်ချက် Action Plan အနေဖြင့် ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်း၊ ရိတ်သိမ်းခြင်း၊ ဆန်အရည်အသွေး မြှင့်တင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များ၊ တောင်သူများ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်းစပါး စတင်စိုက်ပျိုးခြင်းအနေဖြင့် ဇူလိုင်/ဩဂုတ်လတွင် ပျိုးထောင်စိုက်ပျိုးကာ အပင်ဖြစ်ထွန်းချိန်အလိုက် ဓာတ်မြေဩဇာကျွေးခြင်းများကို ဩဂုတ်လမှ ဇန်နဝါရီလအထိ ဆောင်ရွက်ကာ ဇန်နဝါရီလမှာ ရိတ်သိမ်းခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ကန့်ဘလူမြို့နယ်တွင် ရွှေဘိုပေါ်ဆန်းစပါးများ ပိုမိုစိုက်ပျိုး ထုတ်လုပ်လာစေရေး အတွက် နည်းပညာများ တိုးတက်ပြောင်းလဲလာသည်နှင့်အညီ ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်း ပိုမိုကောင်းမွန်သည့် စက်ကိရိယာများဖြင့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းများ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် ကိုယ်စားပြုဒေသထုတ်ကုန် တစ်ခုဖြစ်စေရေး၊ ကန့်ဘလူမြို့နယ်မူပိုင်ခွင့် အမြန်ဆုံးရရှိရေး ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆက်စပ်ဌာနများ၊ တောင်သူများ ဝိုင်းဝန်းပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)