နေပြည်တော် နိုဝင်ဘာ ၆
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “လှပသာယာပြည်မြန်မာ” ရောင်စုံ ဓာတ်ပုံပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စက်တင်ဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဖိတ်ခေါ်ကျင်းပခဲ့ပါသည်။
ပြိုင်ပွဲတွင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားရိုးရာ အလှအပများ၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထင်ရှားသည့်အမှတ်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များစသည့် လွတ်လပ်ရေး၏ အနှစ်သာရကို ဖော်ကျူးရိုက်ကူးထားသည့် ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
အဆိုပါဓာတ်ပုံပြိုင်ပွဲသို့ ပညာရှင် ၁၇၅ ဦးက ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း ၆၈၈ ပုံကို ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး ပထမဆု ဦးဝင်းတိုး(မွန်ဘွန်း-မန်းနေ့စဉ် MCDC)၊ ဒုတိယဆု ဦးသန်းနိုင်ဦး(ငဖဲ)၊ တတိယဆု ဦးဇော်မြင့်နိုင်တို့က ရရှိခဲ့ကြပါသည်။
အထူးဆုများအဖြစ်ဦးမိုးဟိန်းထွန်း၊ ဦးထွန်းထွန်းဝင်း၊ ဦးအောင်မင်း၊ ဦးကျော်မျိုးသီဟ၊ ဦးမောင်မောင်လွင်ထိုက်တို့က အသီးသီးဆုများ ရရှိခဲ့ကြသည်။ ဆုရရှိသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့်ဆုပေးပွဲကျင်းပ မည့်ရက်အား ထပ်မံအသိပေးအကြောင်းကြားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်