ဟင်္သာတ၌ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ မိန်းကလေးငယ်များအား(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်

ဟင်္သာတ အောက်တိုဘာ ၂၂

ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက် ၉နှစ်မှ ၁၀နှစ်အထိ မိန်းကလေး ငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

အဆိုပါ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း၊ (HPV) ကာကွယ်ဆေးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ဆေးတစ်မျိုးဖြစ်ကြောင်း၊ (HPV) ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်း ကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ အားလုံးနီးပါးသည် (HPV)ပိုးကြောင့် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဟင်္သာတမြို့နယ်အနေဖြင့် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးမည့် မိန်းကလေးငယ် ဦးရေ (၃၃၃၇) ဦးရှိပြီး အဆိုပါ ကာကွယ်ဆေးကို လစဉ်ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းထိုးနှံ ပေးမည် ဖြစ်သည်။

(HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို တစ်နှစ်ခြား()ကြိမ် ထိုးရမည်ဖြစ်ပြီး မြို့ပေါ်(၃၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၀၁) အုပ်စုတို့တွင် အောက်တိုဘာ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦစီးဌာနမှ သိရသည်။

ကျော်ကျော်(ပြန်/ဆက်)