ဝါးခယ်မ နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် သဲကုန်းကွင်း အမှတ်(၂၀၀၃)၊ ဦးပိုင်အမှတ်(၁၇/၂)ရှိ တောင်သူ ဦးရွှေပွားလုပ်ကိုင်ခွင့်ရရှိထားသော လယ်မြေတွင် မိုးစပါး(၇)ဧက (ကြာညိုသင်း ၂ ဧကနှင့် နယူးဧရာ ၅ ဧက) ရိတ်သိမ်းနေမှု၊ သဲကုန်း ကွင်းအမှတ် (၁၀၀၀/က)၊ ဦးပိုင်အမှတ်(၁၇/က)ရှိ တောင်သူ ဦးဝင်းဗိုလ် လုပ်ကိုင်ခွင့်ရရှိထားသော လယ်မြေတွင် မိုးစပါး(၆)ဧက(နယူးဧရာ) ရိတ်သိမ်းနေမှုတို့အား ကြည့်ရှုအားပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီဌာန ဦးစီးမှူး ဦးကျော်သိန်းထွန်းနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် ဦးကျော်သိန်းထွန်းတို့က နွေစပါးနှင့်ဆောင်းသီးနှံများ ဆက်လက်စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားမှုအား ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်က လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)