မြောင်းမြ နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ယမန်နေ့နေ့လယ် ၂:၃၀ အချိန်က ကျင်းပပြုလုပ်သည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားလာစေပြီး ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်လာစေရန်၊ မြို့ပြနှင့်ကျေးလက်ကြား ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဥ်းမြောင်းလာစေရန်၊ အသေးစားထုတ်ကုန်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ဝင်ငွေတိုးပွားလာရေး အထောက်အကူပြုမှာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကန်ကြီးထောင့်မြို့နယ် သစ်အခြေခံ ပရိဘောဂသင်တန်းသားများ၊ မြောင်းမြမြို့နယ် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်း၊ စက်ချုပ်နည်းပညာသင်တန်းနှင့် မော်လမြိုင်ကျွန်းမြို့နယ် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းတို့မှ လုပ်ငန်းထူထောင်မည့် သင်တန်းသား/သူများအား ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများ ချီးမြှင့်ထောက်ပံ့ပေးအပ်ရာ သင်တန်းသား/သူများက လက်ခံရယူပြီး၊ သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပါသည်။ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(မြောင်းမြ)