စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စုစုပေါင်းမြေဧရိယာဧက (၂၃၁) သိန်းကျော်ရှိသည့်အနက် အသားတင် စိုက်ပျိုးမြေ (၄၅.၆)သိန်းကျော်ရှိပြီး သီးထပ်၊သီးညှပ် ဧကသိန်း(၉၀)ခန့် စိုက်ပျိုး လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် နှစ်စဉ်မိုးစပါးဧက(၁၈)သိန်း၊ နွေစပါးဧက(၃)သိန်းခန့်၊ စုစုပေါင်း (၂၁)သိန်းကို ပုံမှန်စိုက်ပျိုးနိုင်ခဲ့သည့် တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးသီးနှံများ၏ စိုက်ပျိုးမြေ ဧရိယာ အသုံးချမှုတိုးတက်ရေး၊ တစ်ဧကထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် စိုက်ပျိုးနေသည့် သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး တာဝန်ရှိသူအားလုံးမှ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် အခြား သီးနှံများအား ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲ ဖူလုံမှုများ ပိုမိုတိုးတက်လာနိုင်မှာ ဖြစ်သကဲ့သို့ ဝါသီးနှံစိုက်ပျိုးမှု ပန်းတိုင်အထွက် နှုန်းရရှိစေခြင်းဖြင့် ပြည်သူများဝတ်ရေးဖူလုံစေပြီး ပြည်ပမှချည်ထည်များ တင်သွင်းမှုအား လျော့ချနိုင်မှာ   ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ၏  ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာတွင် သီးနှံအလိုက် မျိုးကောင်း၊ မျိုးသန့်များ အသုံးပြု စိုက်ပျိုးနိုင်ရေး အထွက်နှုန်းကောင်းမွန်သည့်မျိုးများ ဖြန့်ဖြူးခြင်း၊ တောင်သူများ လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ လွယ်ကူစွာရရှိသုံးစွဲနိုင်ရေး ကူညီပေးခြင်း၊ သီးနှံအလိုက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာကျင့် သုံးစိုက်ပျိုးရေး နည်းပညာပေး စံပြကွက်များ စိုက်ပျိုးပြီး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်၍ တောင်သူများအား ပညာပေးခြင်း၊ စိုက်ပျိုးနည်း စနစ်ကောင်းများအား နည်းပညာပေးသင်တန်းများ ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး ရည်မှန်းဆောင်ရွက်ရန် လိုအပ်သလို စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး မြှင့်တင်ပေးရန်နှင့် သီးထပ်စွမ်းအားများအား မြှင့်တင်နိုင်အောင် လည်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍ များစွာတိုးတက်လာမှာဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရန်ကျန်ရှိသည့် မြေဧရိယာများတွင် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားသုံး ဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မည့်အပြင် ပိုလျှံသည်များကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ပါက တိုင်းဒေသကြီး၏ ဝင်ငွေများ တိုးတက်ရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေးအတွက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းပြီး ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်ဦးက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး ညှိနှိုင်းအစည်း အဝေး ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးမြေများ သီးထပ်စွမ်းအား မြှင့်တင်ရေးစာတမ်း၊ စပါးနှင့်အစေ့ထုတ် ပြောင်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဝါသီးနှံနှင့်ကြံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် မြေဆီလွှာအဟာရဖြည့်တင်းရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး နည်းလမ်းများအား  အသီးသီး ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်းအတွင်းရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးပြခန်း၊ စားရေရိက္ခာဖူ လုံရေး အထောက်အကူပြု ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်နှင့် အိမ်တွင်းအလှစိုက် အပင်များ ပြခန်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားတိုးတက်ရေး နည်းပညာပေး ပြခန်းများနှင့် စားဖိုဆောင်သီးနှံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အတွင်း လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။  

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားသောက်ဖွယ်ရာများအား ဂုဏ်ပြု လှူဒါန်းရခြင်းအကြောင်းအား ရှင်းလင်းပြောကြားပြီး လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများ အတွက် စားသောက်ဖွယ်ရာများအား အသီးသီး ဂုဏ်ပြုလှူဒါန်းခဲ့သည်။

ဆက်လက်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က စားသောက်ဖွယ်ရာများအား ဂုဏ်ပြုလှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ တိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန် ထမ်းဆောင်နေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ဂုဏ်ပြုလှူဒါန်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၁၀၀၈ သိန်း (တစ်ထောင့်ရှစ်သိန်း)ကျပ်တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား ဂုဏ်ပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်