ဘုတ်ပြင်း နိုဝင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ လူကုန်ကူးမှု လျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များတက်ရောက်ကြသည်။
ရှေးဦးစွာ ဘုတ်ပြင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မွန်မွန်ခင်က လူကုန်ကူးမှု လျော့နည်းပပျောက်ရေး အသိပညာပေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြား သည်။
ဆက်လက်၍ ဘုတ်ပြင်းခရိုင် အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ဘုတ်ပြင်း)မှ ဒုရဲအုပ်ကျော်ဖြိုးလွင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များနှင့် ဖော်ထုတ်ဖမ်းဆီး အရေးယူဆောင်ရွက်သည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ်အမျိုးအစားနှင့် လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှုနှင့် ပတ်သက်သည်များကို အသီးသီးဟောပြောခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက သိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)