ကလေးဝမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်

ကလေးဝ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ် ၃ အခြေခံပညာမူလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှရွှေက မဲရုံမှူး၊ ဒုမဲရုံမှူးများ စနစ်တကျ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းတွင် ရွေးကောက်ပွဲနေ့ကြိုတင်ပြင်ဆင်မှုနှင့် မဲရုံ ခင်းကျင်းမှု၊ ဆန္ဒမဲပေးခြင်းနှင့် မဲရေးတွက်ခြင်းဆိုင်ရာ နည်းဥပဒေပုံစံများ၊ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ဆောင်ရန်/ရှောင်ရန်များ၊ ခိုင်လုံမဲ ပယ်မဲ သတ်မှတ်ချက်နှင့် နမူနာပုံစံများ၊ မဲရေ တွက်ပြီးနောက် ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ မဲရုံပိတ်ခြင်း မဲရေတွက်ခြင်းနှင့် ပုံစံ ၁၆ ရေတွက်ခြင်း၊ မဲရုံတွင်တာဝန်ထမ်းဆောင်သူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ စသည့် ရွေးကောက်ပွဲဆိုင်ရာ ဘာသာရပ်များကို သင်တန်းတွင် ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကလေးဝမြို့တွင် မဲရုံပေါင်း (၆၉) ရုံရှိပြီး မဲရုံတွင် တာဝန်ထမ်းဆောင်မည့် သင်တန်းသား စုစုပေါင်း ၁၇၇ ဦးအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ  အုပ်စုများခွဲ၍ ၃ ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)