ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ငဖဲ နိုဝင်ဘာ ၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ရာ ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ Grade-7 ကျောင်းသား/သူ (၆၀)ဦး တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုသိန်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေဖတ်ရှုရေးနှင့် လူငယ်များအတွက် ဗလငါးတန်ဖွံ့ဖြိုးရေးသိကောင်းစရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူး ဇော်ဝင်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများနှင့် မှုခင်းများမဖြစ်ပေါ်စေရေး ကျောင်းသား ကျောင်းသူများ သိရှိလိုက်နာရမည့်အချက်များ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ၊ သုတ/ရသစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ကာ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

မယု(ငဖဲ)