ပဲခူး နို၀င်ဘာ ၆
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနတို့ ပူးပေါင်း၍ "ရေချိုချွေတာသုံးစွဲရေး" အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာခြည်လှသန်းက "ရေချိုချွေတာသုံးစွဲရေး"နှင့် ပတ်သက်၍ ရေဆိုတာသက်ရှိတွေ ရှင်သန်ရပ်တည်ဖို့အတွက် မရှိမဖြစ်လိုအပ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝကပေးတဲ့ သယံဇာတပစ္စည်း တစ်ခုပဲဖြစ်ကြောင်း၊ လူခန္ဓာကိုယ် ရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရေဖြစ်ပြီး ရေမရှိရင်သက်ရှိတွေ အသက်မရှင်နိုင်ကြောင်း၊ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရေပြင်ဖြစ်ပြီး သောက်သုံးနိုင်တဲ့ ရေချိုကတော့ ရေပမာဏအားလုံးရဲ့ ၃ ရာခိုင်နှုန်းသာရှိကြောင်း၊ လူနှင့်သတ္တဝါတွေအတွက် ရေချို၏အရေးပါမှုများအကြောင်း၊ ရေချိုကိုထိန်းသိမ်းရန် လိုအပ်သည့်အကြောင်းရင်းများ၊ ရေချိုရရှိနိုင်သည့်နေရာများစသည့် သဘာ၀ထိန်းသိမ်းရန် ရေချိုချွေတာသုံးစွဲရေးအသိပညာပေးများ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)