သရက်ချောင်း နိုဝင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျောင်းအခြေပြု (အသက် ၉ နှစ်မှ ၁၂နှစ်)အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်မှစ၍ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့(HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးရာ၌ (၁-၉-၂၀၁၁မှ ၃၁-၈-၂၀၁၄)ရက်အတွင်း မွေးဖွားသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သေးသော ကျောင်းသူများအား ကာကွယ်ဆေးမထိုးနှံမီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ကျန်းမာရေးဆရာမများက ကျောင်းသူများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကိုဆောင်ရွက်ပေးပြီးနောက် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးအား စနစ်တကျထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ရေးထိုးနှံပေးခြင်းကို သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အတွင်း အခြေခံပညာကျောင်းများကို သတ်မှတ်ရက်ကာလအတွင်း သက်မှတ်ချက်နှင့်ကိုက်ညီသည့်ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။
နန်းခလိုက်(သရက်ချောင်း)