ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၀၉၉၉ ဧကလျာထားစိုက်ပျိုးမည်

ပေါက်ခေါင်း နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံပေါင်း ၁၀၉၉၉ ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ယခုနှစ်ဆောင်းသီးနှံဆီထွက်သီးနှံအဖြစ် မြေပဲနဲ့နှမ်းသီးနှံကို အဓိကထားစိုက်ပျိုးထားပါတယ်၊ အခြားတောင်သူတွေလည်း မြေပဲ၊ နှမ်းနဲ့နေကြာတို့ကို သီးသန့်စိုက်ပျိုးထားသလို နေကြာကိုတော့သီးညှပ်အနေနဲ့လည်းစိုက်ပျိုးထားပါတယ်၊ ဦးလေးက ယခုနှစ်ဆောင်းသီးနှံနှမ်းကို(၄)ဧကနဲ့၊ မြေပဲ(၃)ကိုစိုက်ပျိုးဖို့ပြင်ဆင်‌နေပါတယ်"ဟု ဆောင်းသီးနှံစိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားသည်။ ဒေသခံတောင်သူများမှ ဆီထွက်သီးနှံ မြေပဲနှင့်နှမ်းကို ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အဓိကထားစိုက်ပျိုးကြပြီး ပဲစဉ်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို ပြည်ပဈေးအတွက် မျှော်မှန်းအားထားစိုက်ပျိုးကြကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နှမ်း(၄၄၅၂)ဧက၊ မြေပဲ(၅၇၁၇)ဧကနှင့် နေကြာ(၈၃၀)ဧကစိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း၊တောင်သူများအတွက်ဒေသနှင့်ကိုက်ညီသည့်မျိုးကောင်းမျိုးသန့်များရရှိစိုက်ပျိုးနိုင်ရေး၊စိုက်နည်းစနစ်မှန်ကန်စေရေး၊‌ဓာတ်မြေဩဇာများအချိုးကျသုံးစွဲနိုင်ရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများကို စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက နည်းပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)